အခြေခံ Level တိုင်းတာခြင်း

ဆောက်လုပ်ရေး လုပ်ငန်းတိုင်း ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ Level တိုင်းတာဖို့ မရှိမဖြစ် လိုအပ်ပါတယ် ။ Spirit Level ၊ ပိုက်ရေချိန် မှသည် Auto Level, Digital Level တွေ တိုင်းတာသည် အထိ သက်ဆိုင်ရာ လုပ်ငန်းခွင်နဲ့ လိုက်လျောညီထွေရှိမယ့် ကိရိယာတွေကို အသုံးပြုကြပါတယ် ။ အထပ်မြင့် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ တိုင်းတာရေး တာဝန်အတွက် Surveyor သက်သက်ရှိပေမယ့် Surveyor မရှိတဲ့ သာမန် အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အင်ဂျင်နီယာကပဲ တိုင်းတာကြရပါတယ် ။ ဒါကြောင့် Level တိုင်းတာခြင်း လုပ်ငန်းဟာ မြို့ပြအင်ဂျင်နီယာတွေအနေနဲ့ သိထားသင့်တဲ့ လုပ်ငန်း တစ်ခု ဖြစ်ပါတယ် ။ အခု post ကတော့ Auto Level တိုင်းတာတဲ့ လုပ်ငန်းအကြောင်း အခြေခံ လောက်ကို နားလည်လွယ်အောင် ရှင်းပြသွားမှာ ဖြစ်ပါတယ် ။
Auto Level စက်တွေကို အနီးစပ်ဆုံး နမူနာပေးရရင် ပိုက်ရေချိန်နဲ့ သဘောတရားခြင်း တူပါတယ် ။ အမှတ်တစ်ခုနဲ့ တူညီတဲ့ နောက်အမှတ်တစ်ခုကို ပိုက်ရေချိန်လိုမျိုး လုပ်ပေးနိုင်ပါတယ် ။ ပိုက်ရေချိန်သုံးပြီး Level တိုင်းတာမယ် ဆိုကြပါစို့ ။ ပိုက်ထဲက ရေမျက်နှာပြင်ထိပ်ကလေးနဲ့ မိမိကူးယူလိုတဲ့ အမှတ်ကလေးမှာထောက်၊ ပိုက်ရဲ့ ကျန်တဲ့တစ်ဖက်ကို မိမိလိုချင်တဲ့ နေရာကို ယူသွားပြီး ပိုက်ရဲ့ထိပ်ဘက်က ရေမျက်နှာပြင်ရဲ့အမှတ်ကို ကူးယူရပါတယ် ။ ပိုက်ရေချိန်ရဲ့ အစနှစ်ဘက်က တူညီနေတဲ့ ရေပြင်ညီမျဉ်းဟာ Auto Level မှန်ပြောင်းထဲက အလယ်မျဉ်းလေးပဲ ဖြစ်ပါတယ် ။ Auto Level ကို အသုံးပြုပြီး တိုင်းတာတဲ့အခါမှာလည်း ထိုနည်းအတိုင်းပါပဲ ။ Level အမှတ်ရှိပြီးသားနေရာရယ် မိမိကူးယူလိုတဲ့ နေရာရယ် နှစ်ခုစလုံးကို မြင်ရတဲ့ နေရာမှာ စက်ကို Setting Out လုပ်ပေးပါ ။ ရေချိန်ဝင်အောင်ထည့်ပါ ။ ပထမဦးစွာ Level အမှတ်ရှိပြီးသားနေရာမှာ ပေတံကို ထောက်ပါ ။ စက်ကနေ ပေတံကို လှမ်းကြည့်ပြီး ပေတံမှာ မြင်ရတဲ့ တန်ဖိုးကို မှတ်သားပါ ။ မိမိကူးယူလိုတဲ့နေရာမှာ ပေတံကို ထောက်ပါ ။ စက်ကနေ ပေတံကို လှမ်းကြည့်ပါ ။ ပေတံမှာ မှတ်သားထားတဲ့တန်ဖိုးနဲ့ မှန်ပြောင်းထဲက အလယ်မျဉ်းလေးနဲ့ တန်းတန်းကျအောင် ပေတံကို အထက်(သို့)အောက် ကို လိုအပ်သလို ရွှေ့ပါ ။ ပေတံမှာ မှတ်သားထားတဲ့တန်ဖိုးနဲ့ မှန်ပြောင်းထဲက အလယ်မျဉ်းနဲ့ တန်းတန်းကျပြီဆိုရင် ပေတံရဲ့ အောက်ခြေ မိမိကူးယူလိုတဲ့နေရာမှာ Correction Pen ကို အသုံးပြုပြီး အမှတ်အသား ပြုလုပ်လို့ ရပါပြီ ။
အထက်မှာပြောခဲ့တာကတော့ တစ်ဖက်မှာ ရှိနေတဲ့ အမြင့်နဲ့ တူညီတဲ့ အမှတ်တစ်ခုကို အခြားတစ်နေရာသို့ ကူးယူခြင်းပါ ။ တစ်ဖက်မှာ ရှိနေတဲ့ အမှတ်ထက် တစ်ပေနိမ့်တဲ့ အမှတ်တစ်ခုကို လိုချင်တဲ့အခါမှာကော ဘယ်လို တိုင်းတာကြမလဲ ။ ပထမဦးစွာ အမှတ်ရှိပြီးသားနေရာမှာ ပေတံကို ထောက်ပါ ။ ပေတံမှာ မြင်ရတဲ့ တန်ဖိုးကို မှတ်သားပါ ။ ပေတံမှာ မြင်ရတဲ့ တန်ဖိုးကို တစ်ပေ ထပ်ပေါင်းပါ ။ ဥပမာ - ပေတံမှာ နှစ်ပေအမှတ်ကို မြင်ရရင် တစ်ပေ ထပ်ပေါင်းပြီးတော့ သုံးပေအမှတ်ကို ကြည့်ပေးရမှာ ဖြစ်ပါတယ် ။ မိမိကူးယူလိုတဲ့နေရာမှာ ပေတံကို ပြန်ထောက်ပြီး ပေါင်းထားတဲ့တန်ဖိုးကို တန်းတန်းမတ်မတ်ကျအောင် ကြည့်ပါ ။ တန်းတန်းမတ်မတ် ကျပြီဆိုရင် ပေတံရဲ့အောက်ခြေ မိမိ ကူးယူလိုတဲ့နေရာမှာ အမှတ်အသား ပြုလုပ်လိုက်တာနဲ့ မူလအမှတ်ထက် တစ်ပေနိမ့်တဲ့အမှတ်ကို ရရှိပါပြီ ။ မူလအမှတ်ထက် တစ်ပေမြင့်ချင်တယ်ဆိုရင် နုတ်ပေးလိုက်ပါ ။ ဥပမာ - ပေတံမှာ သုံးပေအမှတ်ကို မြင်ရရင် တစ်ပေနုတ်ပေးပြီး နှစ်ပေအမှတ်ကို ကြည့်ပေးရမှာ ဖြစ်ပါတယ် ။
Level ကူးယူတဲ့နေရာမှာ ယခုထက် ပိုမိုရှုပ်ထွေးပြီး ခက်ခဲတဲ့ အခြေအနေမျိုးတွေမှာ တိုင်းတာရတာမျိုးလဲ ရှိတတ်ပါတယ် ။ သို့သော်လည်း အထက်မှာ ပြောခဲ့သလို ပိုက်ရေချိန် နမူနာအတိုင်း တွေးတောပြီး မိမိဥာဏ်ရှိသလို ဆက်လက် အသုံးပြုသွားလို့ ရပါတယ် ။ လက်တွေ့ တိုင်းတာနေမှ ကျွမ်းကျင်မှုရှိမယ့် လုပ်ငန်းတစ်ခု ဖြစ်တဲ့အတွက် စာနဲ့ရေးပြတဲ့အခါ အနည်းငယ် ရှုပ်ထွေးသလို ဖြစ်နိုင်ပါတယ် ။ တစ်ဆင့်ချင်းဆီ စမ်းသပ်တိုင်းတာကြည့်မယ်ဆိုရင် သဘောပေါက် နားလည်သွားမှာ ဖြစ်ပါတယ် ။ အားလုံးပဲ ဆိုင်ရာလုပ်ငန်းခွင်မှာ အဆင်ပြေနိုင်ကြပါစေ ။


Comments

Popular posts from this blog

Total Station အသုံးပြု၍ Level ပေးခြင်း

GPS နှင့် Static ဆာဗေးတိုင်းတော့မယ်ဆိုရင်